သခင်

သခင်
သခင့်ထံပါးခစားရင်းလဲ
အကျွန်ပျော်ရွှင်ခဲ့ပါတယ် .....

သခင်
သခင့်ဖဝါးထက် နိမ့်ပါးရင်းလဲ
အကျွန်ဂုဏ်ယူခဲ့ပါတယ် .....

သခင်
သခင့်မိန့်စကား တခွန်းကြားလဲ
အကျွန်မျက်ကန်းခဲ့ပါတယ် .....

သခင်
သခင်စေစား မှန်နဲ့မှားဟု
အကျွန်ဝေဝါးခဲ့ပါတယ် .....

အကျွန့် ဘဝ
သခင့်လက်တွင်း ကျွန်အပ်နှင်း
အကျွန်မှတ်ထားခံယူဆဲပါ သခင် ..........။

Labels:

Posted on 6:37 PM by ပိုင်ဖြိုးကို | 5 Comments

တံလျှပ်

ပစ်ချခဲ့တဲ့ နေရာကနေ
'စ'ရမယ့်ဘဝမှာ
'မာန' နဲ့ 'အရှက်တရား' သာ
လက်ကိုင်ထားခဲ့တယ် ...။

လေ.... နဲ့အတူ
ရေ.... နဲ့အတူ
အလွင့်တွေထဲမှာ
ကျောက်ချထားဆဲ ...။

ချင်ခြင်းတပ်အိပ်မက်တွေအတွက်
ပေးဆပ်ခဲ့ရတာတွေ ...
နေစောင်းချိန်ရောက်မှ
နှောင်းပြီဆိုတာသိခဲ့ပါလား ...။

ကဲ ..
လာခဲ့ ..
ဒီတနွေလည်း ....
ငါရင်ကွဲဦးမယ် ...။

(မုတ်သုန်)

Posted on 8:55 PM by ပိုင်ဖြိုးကို | 3 Comments

ရည်းစားစာ


သာမာန်အကြည့်တွေပါပဲ ..
သစ်ပင်ကိုကြည့်သလို
တိမ်တွေကို ကြည့်သလိုမျိုးပေါ့ ....
ငါ့ကျမှ ..
ဘာလို့ ငြိတွယ်မိတာလဲ ..
ဟုတ်တယ်
နင့်အကြည့်မှာ
ဗိုလ်ခြေတစ်ထောင် ဒူးထောက်တယ် ..။


သာမာန်အပြုံးတွေပါပဲ ..
အလိုကျမှုတစ်ခုလို
လောကဝတ် တစ်ခုလိုမျိုးပေါ့ ....
ငါ့ကျမှ ..
ဘာလို့ ငြိတွယ်မိတာလဲ ..
ဟုတ်တယ်
နင့်အပြုံးမှာ
စစ်မက်တစ်သိန်း ငြိမ်းအေးတယ် ..။


သာမာန်နေ့ရက်တွေပါပဲ ..
မနက် ..
နေ့လည် ..
ည ..
အလျားလိုက်ကုန်ဆုံးရင်း ..
မကြာခဏ သတိရမိတယ် ....
ကောင်မလေးရေ ...
နင့်ဖြစ်တည်မှုမှာ
(ငါ) အလင်းနှစ်တစ်သန်း ပျောက်ဆုံးတယ် ....
ဟုတ်တယ် ...
တစ်ဘဝစာပါ ....
*နင့်ကိုငါ ..... ချစ်တယ် .....*


(မုတ်သုန်)

(အချစ်ကဗျာလေးတွေ မရေးတာကြာလို့ ကလေးကလားဆန်ရင် ခွင့်လွှတ်ကြပါဗျို့)



Labels:

Posted on 11:29 PM by ပိုင်ဖြိုးကို | 3 Comments

အိပ်မက်ဆိုး .............


ညတစ်ည .....
ငါ့အိပ်မက်ထဲ မင်းမရှိဘူး
ချစ်တဲ့သူရော၊ မုန်းတဲ့သူရော
ငါ့ဝန်းကျင်မှာ လေဟာနယ်ပေါ့ ချစ်သူ .....။

ထိုခဏတာ ....
နောင်သံသရာက
ငါ့ကိုခေါ်နေပြီ၊ ငါ့ကိုစောင့်နေပြီ
ငါငြင်းခွင့်မရ၊ နာခံရပြီ ချစ်သူ .....။

ငါမကြောက်ပါဘူး
ငါ့ဆန္ဒက တခုတည်း
ငါချစ်တဲ့မင်းကို ငါ့အနားနား
စက္ကန့်ပိုင်းလောက် ရှိနေစေချင်မိတယ် ချစ်သူ .....။

ငါကြိုးစားလို့မရ
ငါဘာမှမတတ်နိုင်ပဲ
မင်းမရှိတဲ့ ဝေဝေဝါးဝါး ဇာတ်သိမ်းကြောင့်
ငါ ရင်နင့်ခဲ့ရတယ် ချစ်သူ .....။

ဘာပဲဖြစ်ဖြစ်
ဘယ်ပဲရောက်ရောက်
မင်းလက်လေးကို ငါ့ရင်ခွင်မှာ
အခိုက်အတန့်လေးတော့ ထားခွင့်ပေးပါ ချစ်သူ .....။

ကို

Labels:

Posted on 12:04 PM by ပိုင်ဖြိုးကို | 1 Comments